Wednesday, September 30, 2009

ခေတ်ပြုင် သတင်း

မွန်ပြည်သစ် ကန့်သတ်နယ်မြေအတွင်း တပ်စခန်းနှင့်ဂိတ်တည်ရန် နအဖပြင်ဆင် NEJ / ၂၉ စက်တင်ဘာ ၂၀၀၉
အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ထားသည့် အဓိကကျသော နေရာအချို့တွင် မြန်မာစစ်အစိုးရက တပ်စခန်းနှင့် ဂိတ်သစ်များ တိုးချဲ့ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရသည်။
အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ၏ လျှို့ဝှက်ညွှန်ကြားချက်ဖြင့် မွန်ပြည်သစ်ထိန်းချုပ်ရာ ဘုရားသုံးဆူ နယ်စပ်ဒေသ တနေရာနှင့် သထုံခရိုင်၊ ကျိုက်မရောနှင့် ကော့ကရိတ်မြို့နယ်တို့တွင် ရွေးချယ်ထားကြောင်း ရတခ လက်အောက်ခံ တပ်ရင်းတရင်းမှ နအဖဗိုလ်မှူးတဦးက ပြောကြားသည်။
မြန်မာစစ်အစိုးရက မွန်ပြည်သစ် ကန့်သတ်နယ်မြေအတွင်း တပ်တည်စခန်းနှင့် ဂိတ်သစ်တိုးချဲ့ရန် စီစဉ်နေသည်မှာ မှန်ကန်ကြောင်း မွန်ပြည်သစ် စစ်ဘက်အရာရှိတဦးကလည်း အတည်ပြုပြောကြားခဲ့ပြီး ထိုသို့ အမှန်တကယ် အကောင်အထည်ဖော်ခဲ့ပါက နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားနိုင်သည်ဟု ဆိုသည်။
၎င်းက “အပစ်ရပ်တုန်းက တပ်တည်နေရာ ချမှတ်ထားရေးအပိုင်းမှာ နယ်မြေကျူးကျော်ပိုင်ခွင့်မရှိတဲ့ ကိုယ်ပိုင်ဒေသတွေ ရှိတယ်။ ပါတီအတွက် အသက်သွေးကြောဖြစ်တဲ့ နယ်စပ်ဒေသထဲမှာ နအဖက ဂိတ်ဖွင့်တာ၊ တပ်စခန်း တည်တာမျိုး လုပ်လာရင်တော့ ရထားပြီးသား သင့်မြတ်ရေးကို ထိခိုက်နိုင်တယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။
တပ်စခန်းထားရှိရန် မြန်မာစစ်အစိုးရဘက်က တရားဝင်ခွင့်တောင်းခြင်း မရှိသေးသော်လည်း သတ်မှတ်ထားသည့် နေရာများအနက် ဘုရားသုံးဆူဒေသအတွင်းရှိ ထိုင်းနိုင်ငံ စန်ခရဘူရီနှင့် မွန်ပြည်သစ် ဗဟိုဌာနချုပ်သို့သွားရာ အဓိက နယ်စပ်ဂိတ်တဝိုက်လည်း ပါဝင်သည်ဟု မွန်ပြည်သစ်က ပြောသည်။
“ကျနော်တို့ရဲ့ အဓိကလမ်းကြောင်းအဖြစ် သုံးနေတဲ့ ဟလောက်ခနီ နယ်စပ်ဂိတ်လမ်းကြောင်းမှာတော့ သူတို့ တပ်လာတည်ခွင့်မရှိဘူး။ နအဖက ဒီလိုစီစဉ်တာက နယ်ခြားစောင့်တပ်ဖွဲ့ဖို့ ဖိအားပေးတာလည်း ဖြစ်နိုင်တယ်။ ဒီနယ်မှာ လုပ်လည်း မလုပ်သင့်ဘူး” ဟု မွန်ပြည်သစ် စစ်ဘက်ရေးရာအရာရှိက ပြောသည်။
၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် အဆိုပါဟလောက်ခနီ နယ်စပ်ဂိတ်အနီးတဝိုက်တွင် ဂိတ်ဖွင့်လှစ်ရန် ၂၀၀၃ ခုနှစ်အထိ စစ်အစိုးရက ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။
ဟလောက်ခနီ နယ်စပ်ဂိတ်သည် ဘုရားသုံးဆူမြို့နှင့် ကီလိုမီတာ (၄၀) ကျော်၊ စန်ခရဘူရီမြို့မှ ကီလိုမီတာ (၃၀) ခန့် ကွာဝေးပြီး နွေရာသီတွင်သာ အသုံးပြုနိုင်သည့် ကားလမ်းမှာ မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့အထိ ခရီးပေါက်ရောက်သည်။
အဆိုပါ ဟလောက်ခနီဂိတ်နှင့် (၁) ကီလိုမီတာခန့်အကွာတွင် ဘန်တောင်ယန်း ဒုက္ခသည်စခန်းတည်ရှိပြီး ဒုက္ခသည်ပေါင်း (၄,၃၀၀) ကျော် မှီခိုလျက်ရှိကြောင်း ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်အရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (TBBC) ၏ မှတ်တမ်းတွင် ဖော်ပြထားသည်။မွန်ပြည်သစ် ဗဟိုကော်မတီဝင်တဦးက “ဒီ (ဟလောက်ခနီ) နယ်စပ်လမ်းကြောင်းကို နအဖက ချုပ်ကိုင်ချင်ရင် ကျနော်တို့ကို တိုက်ရိုက်နည်းနဲ့ ဖိအားမပေးရင်တောင်မှ ဒီတဝိုက်လှုပ်ရှားနေတဲ့ ကေအန်ယူတပ်ဖွဲ့တွေကို စစ်ဆင်နေတယ်ဆိုပြီး နအဖ စစ်တပ်တွေ အချိန်မရွေး ဝင်ရောက်လှုပ်ရှားနိုင်တယ်။ ဒါပေမယ့် ဒီနယ်စပ်ဂိတ်အထိတော့ သူတို့ကို ဝင်ခွင့်ပေးမှာမဟုတ်ဘူး။ အဲဒီနယ်စပ်ဂိတ်ကနေ ဒုက္ခသည်စခန်းလည်း ရှိတယ်လေ။ ဒီမှာ နအဖဂိတ်ရှိသွားရင် သူတို့ဘယ်လိုလုပ် သွားလာလို့ရတော့မလဲ” ဟု ပြောသည်။

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home